Friday, May 31, 2013

ပတ္တမြားမြေ သို့ အလွမ်းပြေ(Poem)

လှမ်းမြင်ရတဲ့ လက်ဖက်ရနံ့သင်းတဲ့
မိုးမြူတွေလဲ့လဲ့ ပြေးနေတဲ့မြင်ကွင်းကို ပိုင်ဆိုင်တဲ့မြို့
ကျောက်တုံးကြီးတွေနားမှာ ရေချိုးစရာရှိတဲ့ နေရာလေး
မိုးရေတွေအောက်မှာ လမ်းလျှောက်ရတဲ့ အရသာ
အမြဲစိုဆွတ်နေတဲ့ အေးချမ်းတဲ့ တောင်ပေါ်မြို့လေး
ဒီမြို့လေး
ပတ္တမြားမြေ မိုးကုတ်ဆိုတဲ့ ဒီမြို့လေးမှာ ပြည့်စုံကြွယ်ဝမှုနဲ့ တောက်ပနေတဲ့ ဘဝတွေရှိခဲ့တယ် တကယ်ရှိခဲ့တယ် 
ညဈေးမှာပျော်ရွှင်စားသောက်နေတဲ့မိသားစုတွေရှိခဲ့တယ်တကယ်ရှိခဲ့တယ်
ပတ္တမြားမြေလမ်းမပေါ်တွေပေါ်မှာ
ပျော်ရွှင်မှုနဲ့တက်ကြွနေခဲ့ဖူးတဲ့လူငယ်တွေရှိခဲ့တယ်သေချာရှိခဲ့တယ်
အခုတော့…
လက်ဖက်ရနံ့တွေအရင်လိုသင်းပျံ့ဆဲဆိုပေမယ့်လက်ဖက်ရဲ့အရသာကိုမေ့ပျောက်စပြုပြီ
ကောင်းကင်ဟာအရင်လိုပြာနေဆဲဆိုပေမယ့်အသပြာတွေကတော့ဝေးကွာလွန်းခဲ့ပြီ
မိုးရေထဲစိုလက်နေခဲ့ဖူးတဲ့အနာဂတ်တွေဟာ
လူငယ်မျိုးဆက်တွေရဲ့လက်ထက်မှာအိပ်မက်လိုလိုဒဏ္ဍာရီလိုလို
လူငယ်တွေ……..
ဒဏ္ဍာရီ ထဲကငမောက်ကိုရှာဖို့မီးအိမ်တွေထွန်းညှိခဲ့ကြတယ် 
ရေခြားမြေခြားမိဝေးဖဝေးမှာ လူငယ်တွေပုံပြင်ကိုအသက်ပြန်သွင်းဖို့ခရီးထွက်ကြတယ်
လူငယ်တွေအိပ်မက်ကိုအစကပြန်မက်ဖို့အိပ်ယာဝင်ကြတယ့်
အခုတော့မြို့ကလေးဟာ ရေညှိတက်နေတဲ့ကျောက်တုံးလို
မြို့ဟာမြို့နဲ့မတူအောင်ပြိုလဲလို့
မြို့ကိုမြို့သူမြို့သားတွေစွန့်ခွါလို့
မြို့ဟာမြို့ကိုပြန်ရှာမတွေ့တော့အောင်
မြို့ဟာမြို့သူမြို့သားတွေကိုပြန်ရှာမတွေ့တော့အောင်
တစ်ပါးအရပ်ကမိုးတွေ မည်းမှောင်လွန်းနေတယ်။။



ပန်ဒါ
2012-12-18


 

အတွေးပုံရိပ်(Poem)


လေပြည်လား
လေပွေလား
ဖြတ်တိုက်သွားတာသိတယ်
အိပ်မက်ထဲကပန်းနုရောင်ဟာ
ကဗျာအယောင်ဆောင်ပြီးထွက်လာတယ်
နားထောင်ဖြစ်တဲ့သီချင်းကအစ
ဆွဲမိတဲ့ပန်းချီကားအဆုံး
ပေးထားတဲ့အမည်
အချစ်
ရေနစ်သူတစ်ယောက်လို
လွမ်းရမှာကိုမသိခဲ့ဘူး


ပန်ဒါ

18 December 2012

ကျေနပ်အရှုံး(Poem)


တစ်ကမ္ဘာစီမခြားသေးဘူး
ရင်ခုန်သံတွေမရပ်သေးဘူး
ဝတ်မှုန်ကူးခြင်းဟာ
ဘဝအတွက်ကာရန်မညီနိုင်ခဲ့သမျှ
အိပ်မက်တွေဝေးလွင့်သွားခဲ့ရတယ်။
အလွမ်းနှင်းတွေဘယ်တော့မှမစဲတော့အောင်ဝေ့ကာဝဲလို့
နှင်းတွေချန်ထားခဲ့တဲ့ခြေရာ
မျက်တောင်ဖျားမှာလဲ့ဖြာလို့
တိမ်ကိုနမ်းတဲ့တောင်ဆိုတာ
မှောင်လာမှာကိုမကြောက်တော့ပါဘူး
ငါတို့
ဝေးကွာကြဖို့ဂီတမှာ ကခုန်မိကြပေါ့။
နင့်သည်းဖိုလှိုက်စွာ
ကြေကွဲဝမ်းနည်းစွာ
လက်ပြလိုက်ပါရဲ့
နှုတ်ဆက်လိုက်ပါရဲ့
ချစ်ခဲ့သမျှ
တစ်ဘဝလုံးလှပါစေတော့။
ချစ်သူရေ
ပျော်ရွှင်ပါစေတော့။ ။



ပန်ဒါ

19/12/2012

အိမ်လွမ်းနာ(Poem)


ရေသောက်ရတာလည်း
ဘယ်လောက်သောက်သောက် အာသာမပြေဘူး။
အရူးတစ်ယောက်လို
ပေါက်ကွဲနေတဲ့မီးတောင်တစ်လုံးလို
ကြွေကျတော့မယ့် သစ်ရွက်တစ်ရွက်လို။
မိသားစုနဲ့အဝေးမှာ
ကြယ်တွေမရှိတဲ့ကမ္ဘာငယ်လေးတစ်ခုပါပဲ။

ပန်ဒါ
27-12-2012

သံယောဇဉ်ပုံရိပ်(Poem)


အိပ်မက်တစ်ခုလို
မျှော်လင့်ခြင်းဟာကင်မရာအယောင်ဆောင်လို့ သတိရခြင်းကို
တဖျတ်ဖျတ်ရိုက်ကူးတယ်
ဝေဒနာဆိုတာ
ကာလာကစားလို့ရတဲ့ဓါတ်ပုံမဟုတ်ဘူး။
ဘယ်လိုကူးဆေးပေမယ့်
သံယောဇဉ်နောက်ခံမပါတဲ့ ဓါတ်ပုံ
အလှကြည့်ုသက်သက်ပေါ့။ .။


ပန်ဒါ

မျက်ရည်များနဲ့ နှုတ်ဆက်ခဲ့တဲ့ ညနေ(Poem)

တစ်ယောက်ထဲသွားရမဲ့လမ်း
ကြမ်းတယ်လို့ ဘယ်သူပြောလဲ
နှလုံးသားထဲမှာ သူ့အရိပ်လေး ပါလာတယ်
ပြာလဲ့လဲ့ လရောင်အောက်မှာ
ပြောခဲ့ဖူးတဲ့ စကားလေးတွေ
ထားခဲ့ကြတဲ့ ကတိတွေ
လေပြေသွဲ့သွဲ့နဲ့အတူ
ေ၀၀ါးခဲ့ပြီ. .
အတိတ်ရနံ့တွေ သင်းသင်းဖြာနေတဲ့
ဒီလမ်းလေးထဲမှာ
ဘယ်ဆီမှာလဲလို့ မတွေးတော့ပါဘူး
ဝေးလက်စနဲ့ ဝေးကြရအောင်ကွယ်။ ။

ပန်ဒါ
4/5/2013

တစ်ခုတ်တစ်ရသိမ်းထုတ်ထားမိတဲ့ တစ်ပိုင်းတစ်စများ(P)


အမှတ်မထင် တိုက်ခတ်လာတဲ့ လေပြေတစ်ဝှေ့မှာ
မှတ်မှတ်ရရ ဖမ်းဆုတ်မိလိုက်တာ အိပ်မက်တစ်ပိုင်းတစ်စ
ဆိုက်ရောက်ဘူတာမှာ တက်လိုက်မိတော့ ဖြစ်နေတာက မြို့ပတ်ရထား
မှားသလား မှန်သလား ဆိုတော့ သဘာဝ တရားကြီးကိုက မှန်တစ်ချပ်လိုဖြစ်နေတယ်
ရင်ထဲမှာ ဘာညာဘာညာ အော်နေရအုံးမှာလား
တိုးဝင်လာတဲ့ သီချင်းတစ်ပုဒ်က whenever you go.. တဲ့
အိုကေပြီပေါ့ အစိမ်းရောင် အဝါရောင် အနီရောင် အရောင်တွေ အရောင်တွေနဲ့ ခြယ်သထားတဲ့ ကမ္ဘာ ရောင်စုံကမ္ဘာ ငါတို့ ရုန်းမထွက်နိုင်တဲ့ ရောင်စုံကမ္ဘာ အရာအားလုံးက အရှိန်တွေနဲ့ ဆိုတော့
ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်တော့မယ်ကွာ
တစ်ကမ္ဘာစီမဟုတ်တဲ့ ကျောချင်းကပ်ဘဝမှာ မင်းရော ငါရော လှည့်မကြည့်မိဘဲ လွမ်းနေရတယ်
ပြဇာတ်တစ်ပုဒ်ဆိုတာ ဇာတ်သိမ်းခန်းပါရမှာလား ကန့်လန့်ကာချလိုက်ရုံနဲ့ ပြီးဆုံးသွားတဲ့ ဇာတ်သိမ်းတစ်ခုလိုမျိုး
ပိတောက်ကလွဲရင် ကိုယ်စားပြုခွင့် မရတဲ့ သင်္ကြန်ရက်လိုမျိုး
ဆောင်းတံခါးမှာချိတ်ဆွဲထားတဲ့ ကန့်လန့်ကာလေး ရုတ်သိမ်းလိုက်သလိုမျိုး
ဝေဝေဝါးဝါး ဆိုတာ ပြတ်ပြတ်သားသားမရှိလို့ပေါ့
ဆုံဆည်းမှုဆိုတဲ့ ငါတို့ အိမ်နောက်မှာ ဝေးကွာခြင်းဆိုတဲ့ အိမ်နီးချင်းရှိနေတာ သတိမထားမိလိုက်ဘူး
တစ်ဆစ်ချိုးမိတဲ့ ဘဝမိုင်တိုင်မှာ ဘက်ဂီယာထိုးခွင့်ရှိအုံးမလား
ဆက်တိုးဝင်ရင် ဆက်နက်နေမယ့် ခေတ်ကြီးထဲ တိုးတိုးမဝင်ချင်တော့ဘူး
ရှေ့ဘူတာမှာ ဆင်းမယ် ကိုယ့်လူ ကမ္ဘာမြေကြီးရေ ပိုလေးလံစေမိတဲ့အတွက် ခွင့်လွတ်ကွာ။ ။


ပန်ဒါ
7 March 2013