Tuesday, June 11, 2013

ငါကျရှုံးပြီလို့ဘယ်တော့မှမပြောဘူး(Poem)


နေရောင်ကွယ်သွားတော့လည်း
လရောင်ကဖြာကျလာဦးမှာပါပဲ။

အလင်းကိုထွန်းညှိဖို့
ငါ့နှလုံးသားထဲကအသိပညာ အတတ်ပညာ
ဘဝမှာမိုးအခေါင်မခံဘူး။

မေမေလို့
တိုးတိုးလေးရေရွတ်မိရင်း
ကျလုလုမျှော်လင့်ခြင်းကိုဆွဲတင်လိုက်ပါတယ်။


မနက်ဖြန်
လက်ကျန်သမိုင်းကိုသွေးသစ်လောင်းဖို့။


ပန်ဒါ



Wednesday, June 5, 2013

တစ်ကိုယ်ရည်လွမ်းဆွတ်မှု(Poem)


မိုးရွာတယ်ဆိုလို့
ပြတင်းတံခါးကိုအမြန်ပိတ်ပစ်လိုက်မိတယ်။

သစ်ရွက်ကြွေလေး
မိုးရေမှာလူးလူးလိမ့်လိမ့်မျောပါသွားပြီလား
ကျောက်စရစ်ခဲလေးတွေ
မိုးရေမှာအညစ်အကြေးကင်းခဲ့ပြီလား
အတွေးနဲ့။

အိပ်ယာလေးထဲ                    
ငါ့တစ်ကိုယ်လုံးမိုးတွေရွှဲလို့။ 

ပန်ဒါ

ရင်ရိပ်ရောင်(Poem)


လွမ်းတယ်လို့
ဘယ်သူ့ကိုအော်ပြောရမလဲ။

ညနေခင်းဟာလည်း
လရောင်ကိုခုထိဆွဲမခေါ်နိုင်သေးဘူး။

မမြင်ဖူးလို့
မူးကိုမြစ်ထင်ခဲ့တာမဟုတ်ပေမယ့်
ကြွေကျလာမယ့်ကံ့ကော်ပွင့်လေးကိုမျှော်ရင်း
စာသားမရှိသေးတဲ့သီချင်းမှာ
တယောသံဟာချွဲနွဲ့လွန်းတော့မယ်။



ပန်ဒါ

Monday, June 3, 2013

ရှုတ်ရှက်ခက်နေတဲ့ အကြောင်းအကျိုး အဆိုးအကောင်းများ(P)

ငါ့စိတ်တွေ မင်းဆီမှာ ခိုလှုံနေတယ် ငါ့အတွေးမှာ မင်းအကြောင်းတွေပဲ
မထင်ကျန်ချင်ဘူး ငါပိုင်နိုင်တာ ငါ့ကဗျာပဲရှိတော့တယ်
မင်းဆီက လရောင်ကိုမျှားဖို့ ငါ့ဘ၀ကို အစာအဖြစ် ချိတ်ဆွဲပေးလိုက်တာလည်း
ဘယ်သူမှ မသိလိုက်တဲ့ ငါ့ရဲ့ ဒုက္ခပေါ့
မင်းသောက်တဲ့ကော်ဖီနဲ့ ငါသောက်ခဲ့တဲ့ ကော်ဖီခွက်မှာ
ဘယ်သူ့ခွက်က ဧဒင်ဥယျာဉ်ကကော်ဖီနဲ့ မှားမိတာလဲ
ငါမသိတော့ဘူး အဲဒီနေ့တစ်နေ့
စဉ်းစားမိလေ ပိုရှုပ်လေပဲ
စကားနဲ့ အရာမရောက်ခဲ့တာတွေကို ခင်းကျင်းပြသဖို့ စာလုံးတွေလည်း ပြန့်ကျဲနေတယ်
ငါ့နှလုံးသားရေးရာ အခြေအနေက ပြင်ပ မိုးလေ၀သနဲ့မှ မသက်ဆိုင်ပဲ
ငါ့ကို သတိရရင် လင်းလင်းရဲ့ စဉ်းစားပါ သီချင်းကို နားထောင်ပေးပါ
တွေးကြည့်လိုက်ရင် ရွဲရွဲစိုနေတာပဲရှိတယ်
အပြစ်တင်ပြန်ရင်လည်း အသစ်မြင်နေတယ် ထင်အုံးမယ်
ညကြီးက နက်နက်လာတော့ ငါ့စိတ်တွေလည်း ကြပ်ကြပ်လာတယ်
ငွေ့ရည်ဖွဲ့ပြီး တည်ဆောက်ခဲ့တဲ့ ငါ့တို့ကမ္ဘာလေးဟာ မိုးရည်အဖြစ်ပြောင်းလဲသွားတာ
သိပ်သည်းဆ မြင့်လာလို့ပဲလား စိတ္တဇဆန်လာတာလည်းကြိမ်နှုန်းတွေ
မြင့်မြင့်တက်လာတယ်
လရိပ်မှာပြန်ထင်နေတဲ့ ငါ့အရိပ်က ငါ့စိတ်ကို ပြန်ခြောက်လန့်နေတော့
ငါဖြတ်ခဲ့တဲ့ ငါ့လက်မှတ် နဲ့ ရှေ့ဆက်သွားတော့မယ်
ဒိုင်ယာရီတစ်အုပ် နဲ့ ဓါတ်ပုံနှစ်ပုံ မင်းခြေရာနောက် ထက်တူကျအောင် မလိုက်နိုင်တော့
သွားတော့မယ် ချစ်သူရာ
ပျော်ရွှင်ခဲ့ပါတယ် သိပ်ပျော်ခဲ့ပါတယ် ။ ။

ပန်ဒါ
28/05/2013

သူစိမ်းတစ်ယောက်ပေးတဲ့ကဗျာတစ်ပုဒ်(Poem)


မိုးကောင်းကင် ထီးတစ်ချောင်းအောက်
အတူနေကြရပေမယ့်
အဝေးကြီးဝေးကွာနေရတဲ့ ဘဝတွေ
ကံကြမ္မာလား
သံသယ အကျိုးဆက်လား
...

စကားတွေ အများကြီးပြောခဲ့သမျှ
ရထားတွေတစ်စီးမှ ဆိုက်ရောက်မလာခဲ့တာ။

နှလုံးသားကို
အထိတ်တလန့်ပြန်ကြည့်မိတော့အတိတ်ရနံ့တွေ စွတ်စွတ်စိုလို့။
အတူလျှောက်ခဲ့ဖူးတဲ့လမ်းကလေးရေ
ဆွေးတယ်။ ။



ပန်ဒါ
19-Sep-2012
1:27 PM

အိမ်ပြေးမဟုတ်တဲ့ အိမ်ဝေးတစ်ယောက်၏ ရှိုက်သံတစ်ချက်(P)


သတိရမိတယ် မေမေရယ်။ စိတ်ထဲကနေ တီးတိုးရေရွတ်မိတဲ့ အသံက လည်ချောင်းဝမှာတင် ပျောက်ကွယ်သွားခဲ့ပေါင်းလဲများခဲ့ပြီ။ အိမ်ပြေးတစ်ယောက်မဟုတ်ပေမယ့် အိမ်ဝေးတစ်ယောက်ဆိုတဲ့ ဘဝကို ပိုင်ဆိုင်ခဲ့တာ အချိန်ကာလအားဖြင့် အတော်ကြာလှပေါ့။

နောက်ဆုတ်ဖို့ ကြိုးစားလိုက်တိုင်းမှာ ခြေလှမ်းတွေက ရှေ့ကို ဆက်တိုးလှမ်းခဲ့မိတာ .. မသိခဲ့တာလဲ မဟုတ် သိသိရက်နဲ့ လှမ်းခဲ့တဲ့ခြေလှမ်းတွေက မိုင်ပေါင်းများစွာဝေးကွာတဲ့ ခရီးတစ်ခုကို ဖန်တီးပေးခဲ့တယ်။

အချိန်တွေကလဲ မှန်ကန်ဆဲ ၊ ရာသီတွေကလဲ လည်ပတ်ဆဲ ….. ဆိုပေမယ့် အချိန်ကာလ ကြာရှည်လာတာနဲ့ အမျှ မွေးရပ်မြေနဲ့ ဝေးဝေးသွားခဲ့တာရတာတော့ အသေအချာကို လက်ခံလိုက်ရတယ်။

ဦးဆောင်ခဲ့တဲ့ လောဘတစ်ခုက ဘာအတွက်ဖြစ်ခဲ့တာလဲ ။ အမေ့အတွက်လား။ မောင်နှမတွေ

အတွက်လား။ ဒါမှမဟုတ် ကိုယ်ကိုတိုင် အတွက်ပဲလား… ဆိုတာကို သိအောင်လဲ မကြိုးစားမိခဲ့ပါဘူး။

လူတွေ .. လူတွေ.. အမြဲမေးနေတတ်ကြတယ်။ စဉ်းစားကြတယ်။ တခါတလေ တော့ မေ့နေတတ်ကြတယ်။ မေ့ထားလိုက်ကြတယ်။

ဘဝဆိုတာ ဘာလဲ …….. ပန်းတိုင်ဆိုတာ ဘာကိုပြောတာလဲ …

အကြိမ်ကြိမ်အခါခါ စဉ်းစားကြည့်ခဲ့တယ်။ တွေးတောကြည့်ခဲ့တယ်။

အဖြေတွေ အမျိုးမျိုးရခဲ့တယ်။ အတွေးတွေ အများကြီး လွှမ်းမိုးခံခဲ့ရတယ်။

စစ်မှန်တဲ့အဖြေတစ်ခု ပိုင်ဆိုင်ဖို့ အတွက် ထိုင်ပြီးမစဉ်းစားခဲ့ဘူး။ အိပ်ပြီးမစဉ်းစားခဲ့မိဘူး။

ခြေလှမ်းပေါင်းများစွာနဲ့ ရင်းပြီး ရှာဖွေခဲ့တယ်။

နီးသလိုလိုနဲ့ တဖြည်းဖြည်းဝေးကွာခဲ့တဲ့ ဘဝရဲ့ အမေးပုစ္ဆာအတွက် လက်တွေ့ဘဝက တိတိကျကျ အဖြေတစ်ခုပေးခဲ့တယ်။ အိမ်ဝေးတစ်ယောက် တဲ့……။

ငှက်တစ်ကောင်လို ပျံသန်းခဲ့တာ မဟုတ်သလို စွန်တစ်ခုလိုလဲ ပျံဝဲခဲ့တာ မဟုတ်ပါဘူး။

သိခြင်းဆိုတဲ့ အဖြေကိုရှာဖို့ မသိခြင်းရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါခဲ့တာ နောက်ပြန်လှည့်မိရင်တောင် အရာရာဟာ မှုန်မှုန်မှိုင်းမှိုင်း .. ဝေဝေဝါးဝါး မျှသာ။

စွန့်လွတ်ခဲ့ရတာတွေ များလွန်းခဲ့သလို ပိုင်ဆိုင်မှုဆိုတာတွေကလဲ ဖမ်းဆုတ်မပြနိုင်လောက်အောင် ဝေဝါးလွန်းနေတယ်။

အခုတော့ .. အိမ်ဝေးတစ်ယောက်ရဲ့ဘဝကို မုန်းတီးခဲ့ပါပြီမေမေရယ်။

သတိရမိတယ်။ ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်ဖို့အတွက် ကိုယ်ကိုယ်တိုင်ပဲကြိုးစားမှ ရမှာနော် ဆိုတဲ့ ဖေဖေ အမြဲပြောနေကြစကား။ ဘယ်နေရာရောက်ရောက် ဒီကောင်းကင်အောက်မှာပဲ ရှိနေတာပါ ဘယ်လောက် ဝေးဝေး လိုက်ခဲ့ပေးမယ်ဆိုတဲ့ မေမေ ရဲ့ စကားသံတွေ မမေ့နိုင်ခဲ့ပါဘူး။ အရာအားလုံးကိုစကားသံအဖြစ်နဲ့ ကြားခဲ့ပြီး စိတ်ကူးပုံဖော်နေရတဲ့ ဘဝဖြစ်နေတယ်မေမေရယ်။ ဘယ်သူက ဘယ်လို။ ဘယ်အရာက ဘယ်လိုဆိုတာကို ပုံဖော်မှန်းဆတတ်ခဲ့ပြီး ကျေနပ်ခဲ့ရတဲ့ဘဝထဲကနေလဲ ရုန်းထွက်ချင်ခဲ့ပြီ မေမေရယ်။

တောင်တန်းကြီးတွေကိုလွမ်းတတ်လာခဲ့ပြီ။ အေးချမ်းတဲ့ အမေ့အိမ်လေးကိုလဲ လွမ်းတယ်။ အိမ်ဘေးက စမ်းချောင်းကလေးကိုလဲ လွမ်းတယ်။ အိမ်ဘေးက လူကြီးအိမ်ကို ကုမ္ပဏီတစ်ခုက အိမ်ဆောက်ပေးတာ အဖေ့အိမ်လို့ နံမည်ပေးထားတယ်ဆိုတဲ့ အိမ်ကြီးကိုလဲ တွေ့ချင်တယ်။သူတို့က အဖေ့အိမ်ဆိုတော့ အဲဒီအိမ်ဆောက်တဲ့အတွက် တို့ရဲ့အိမ်ကိုလဲ သမီးတွေပေါင်းပြီး ပြုပြင်ခဲ့ရလို့ Daughter Land (သမီးတို့အိမ်) လို့နံမည်ပေးရအောင်ဆိုပြီး ပြောင်းလဲနေတယ်ဆိုတဲ့ မမြင်ရသေးတဲ့ အမေ့အိမ်ကိုလဲ လွမ်းလှပါပြီ။

ရင်ထဲက အလွမ်းဝေဒနာတွေကို လက်မခံနိုင်တော့လို့ ရှိနေတဲ့ လောဘကို ထုတ်ဖယ်ဖို့အတွက် သော့ကို အတ္တဆိုတဲ့ အခန်းထဲမှာ ရှာဖွေမိတယ်။ မီးပျက်နေတဲ့ ညမို့လို့များလား.. ရှာမတွေ့နိုင်ဘူး။

လမင်းရဲ့ အလင်းရောင်ကိုတမ်းတရင်း ကောင်းကင်ကိုမော့ကြည့်မိတော့ အထိတ်တလန့်သိလိုက်ရတာက …

အော်…… ဒီနေ့ လမိုက်ည တစ်ညပါလား။ ။







လေးစားစွာဖြင့် (အိမ်ဝေးဘဝ ကိုးနှစ်တိတိပြည့် အမှတ်တရ)

ပန်ဒါ

28-Sep-12

2:11 PM

ဆောင်းဦးဒဏ္ဍာရီ(Poem)


မိုးစက်လေးတွေကြွေကျတဲ့အသံ
နှလုံးသားမှာအလွမ်းကိုပန်ထားမိတယ်
ဘာဖြစ်ဖြစ်
မိုးထဲမှာ အချစ်ရှိခဲ့ဖူးတယ်………… 
ငေးလို့မဆုံးတော့ဘူး
အလွမ်ဦးရယ် သတိရခြင်းရယ် နာဖျားမှုရယ်
ဘယ်သူမှမသိဘူး
ထိုင်နေရင်းသေဆုံးသွားတဲ့ဆောင်းဦးအိပ်မက်လေးအကြောင်း………


ပန်ဒါ