Friday, May 31, 2013

ပတ္တမြားမြေ သို့ အလွမ်းပြေ(Poem)

လှမ်းမြင်ရတဲ့ လက်ဖက်ရနံ့သင်းတဲ့
မိုးမြူတွေလဲ့လဲ့ ပြေးနေတဲ့မြင်ကွင်းကို ပိုင်ဆိုင်တဲ့မြို့
ကျောက်တုံးကြီးတွေနားမှာ ရေချိုးစရာရှိတဲ့ နေရာလေး
မိုးရေတွေအောက်မှာ လမ်းလျှောက်ရတဲ့ အရသာ
အမြဲစိုဆွတ်နေတဲ့ အေးချမ်းတဲ့ တောင်ပေါ်မြို့လေး
ဒီမြို့လေး
ပတ္တမြားမြေ မိုးကုတ်ဆိုတဲ့ ဒီမြို့လေးမှာ ပြည့်စုံကြွယ်ဝမှုနဲ့ တောက်ပနေတဲ့ ဘဝတွေရှိခဲ့တယ် တကယ်ရှိခဲ့တယ် 
ညဈေးမှာပျော်ရွှင်စားသောက်နေတဲ့မိသားစုတွေရှိခဲ့တယ်တကယ်ရှိခဲ့တယ်
ပတ္တမြားမြေလမ်းမပေါ်တွေပေါ်မှာ
ပျော်ရွှင်မှုနဲ့တက်ကြွနေခဲ့ဖူးတဲ့လူငယ်တွေရှိခဲ့တယ်သေချာရှိခဲ့တယ်
အခုတော့…
လက်ဖက်ရနံ့တွေအရင်လိုသင်းပျံ့ဆဲဆိုပေမယ့်လက်ဖက်ရဲ့အရသာကိုမေ့ပျောက်စပြုပြီ
ကောင်းကင်ဟာအရင်လိုပြာနေဆဲဆိုပေမယ့်အသပြာတွေကတော့ဝေးကွာလွန်းခဲ့ပြီ
မိုးရေထဲစိုလက်နေခဲ့ဖူးတဲ့အနာဂတ်တွေဟာ
လူငယ်မျိုးဆက်တွေရဲ့လက်ထက်မှာအိပ်မက်လိုလိုဒဏ္ဍာရီလိုလို
လူငယ်တွေ……..
ဒဏ္ဍာရီ ထဲကငမောက်ကိုရှာဖို့မီးအိမ်တွေထွန်းညှိခဲ့ကြတယ် 
ရေခြားမြေခြားမိဝေးဖဝေးမှာ လူငယ်တွေပုံပြင်ကိုအသက်ပြန်သွင်းဖို့ခရီးထွက်ကြတယ်
လူငယ်တွေအိပ်မက်ကိုအစကပြန်မက်ဖို့အိပ်ယာဝင်ကြတယ့်
အခုတော့မြို့ကလေးဟာ ရေညှိတက်နေတဲ့ကျောက်တုံးလို
မြို့ဟာမြို့နဲ့မတူအောင်ပြိုလဲလို့
မြို့ကိုမြို့သူမြို့သားတွေစွန့်ခွါလို့
မြို့ဟာမြို့ကိုပြန်ရှာမတွေ့တော့အောင်
မြို့ဟာမြို့သူမြို့သားတွေကိုပြန်ရှာမတွေ့တော့အောင်
တစ်ပါးအရပ်ကမိုးတွေ မည်းမှောင်လွန်းနေတယ်။။



ပန်ဒါ
2012-12-18


 

No comments:

Post a Comment