Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, June 11, 2013

ငါကျရှုံးပြီလို့ဘယ်တော့မှမပြောဘူး(Poem)


နေရောင်ကွယ်သွားတော့လည်း
လရောင်ကဖြာကျလာဦးမှာပါပဲ။

အလင်းကိုထွန်းညှိဖို့
ငါ့နှလုံးသားထဲကအသိပညာ အတတ်ပညာ
ဘဝမှာမိုးအခေါင်မခံဘူး။

မေမေလို့
တိုးတိုးလေးရေရွတ်မိရင်း
ကျလုလုမျှော်လင့်ခြင်းကိုဆွဲတင်လိုက်ပါတယ်။


မနက်ဖြန်
လက်ကျန်သမိုင်းကိုသွေးသစ်လောင်းဖို့။


ပန်ဒါ



Wednesday, June 5, 2013

တစ်ကိုယ်ရည်လွမ်းဆွတ်မှု(Poem)


မိုးရွာတယ်ဆိုလို့
ပြတင်းတံခါးကိုအမြန်ပိတ်ပစ်လိုက်မိတယ်။

သစ်ရွက်ကြွေလေး
မိုးရေမှာလူးလူးလိမ့်လိမ့်မျောပါသွားပြီလား
ကျောက်စရစ်ခဲလေးတွေ
မိုးရေမှာအညစ်အကြေးကင်းခဲ့ပြီလား
အတွေးနဲ့။

အိပ်ယာလေးထဲ                    
ငါ့တစ်ကိုယ်လုံးမိုးတွေရွှဲလို့။ 

ပန်ဒါ

ရင်ရိပ်ရောင်(Poem)


လွမ်းတယ်လို့
ဘယ်သူ့ကိုအော်ပြောရမလဲ။

ညနေခင်းဟာလည်း
လရောင်ကိုခုထိဆွဲမခေါ်နိုင်သေးဘူး။

မမြင်ဖူးလို့
မူးကိုမြစ်ထင်ခဲ့တာမဟုတ်ပေမယ့်
ကြွေကျလာမယ့်ကံ့ကော်ပွင့်လေးကိုမျှော်ရင်း
စာသားမရှိသေးတဲ့သီချင်းမှာ
တယောသံဟာချွဲနွဲ့လွန်းတော့မယ်။



ပန်ဒါ

Monday, June 3, 2013

ရှုတ်ရှက်ခက်နေတဲ့ အကြောင်းအကျိုး အဆိုးအကောင်းများ(P)

ငါ့စိတ်တွေ မင်းဆီမှာ ခိုလှုံနေတယ် ငါ့အတွေးမှာ မင်းအကြောင်းတွေပဲ
မထင်ကျန်ချင်ဘူး ငါပိုင်နိုင်တာ ငါ့ကဗျာပဲရှိတော့တယ်
မင်းဆီက လရောင်ကိုမျှားဖို့ ငါ့ဘ၀ကို အစာအဖြစ် ချိတ်ဆွဲပေးလိုက်တာလည်း
ဘယ်သူမှ မသိလိုက်တဲ့ ငါ့ရဲ့ ဒုက္ခပေါ့
မင်းသောက်တဲ့ကော်ဖီနဲ့ ငါသောက်ခဲ့တဲ့ ကော်ဖီခွက်မှာ
ဘယ်သူ့ခွက်က ဧဒင်ဥယျာဉ်ကကော်ဖီနဲ့ မှားမိတာလဲ
ငါမသိတော့ဘူး အဲဒီနေ့တစ်နေ့
စဉ်းစားမိလေ ပိုရှုပ်လေပဲ
စကားနဲ့ အရာမရောက်ခဲ့တာတွေကို ခင်းကျင်းပြသဖို့ စာလုံးတွေလည်း ပြန့်ကျဲနေတယ်
ငါ့နှလုံးသားရေးရာ အခြေအနေက ပြင်ပ မိုးလေ၀သနဲ့မှ မသက်ဆိုင်ပဲ
ငါ့ကို သတိရရင် လင်းလင်းရဲ့ စဉ်းစားပါ သီချင်းကို နားထောင်ပေးပါ
တွေးကြည့်လိုက်ရင် ရွဲရွဲစိုနေတာပဲရှိတယ်
အပြစ်တင်ပြန်ရင်လည်း အသစ်မြင်နေတယ် ထင်အုံးမယ်
ညကြီးက နက်နက်လာတော့ ငါ့စိတ်တွေလည်း ကြပ်ကြပ်လာတယ်
ငွေ့ရည်ဖွဲ့ပြီး တည်ဆောက်ခဲ့တဲ့ ငါ့တို့ကမ္ဘာလေးဟာ မိုးရည်အဖြစ်ပြောင်းလဲသွားတာ
သိပ်သည်းဆ မြင့်လာလို့ပဲလား စိတ္တဇဆန်လာတာလည်းကြိမ်နှုန်းတွေ
မြင့်မြင့်တက်လာတယ်
လရိပ်မှာပြန်ထင်နေတဲ့ ငါ့အရိပ်က ငါ့စိတ်ကို ပြန်ခြောက်လန့်နေတော့
ငါဖြတ်ခဲ့တဲ့ ငါ့လက်မှတ် နဲ့ ရှေ့ဆက်သွားတော့မယ်
ဒိုင်ယာရီတစ်အုပ် နဲ့ ဓါတ်ပုံနှစ်ပုံ မင်းခြေရာနောက် ထက်တူကျအောင် မလိုက်နိုင်တော့
သွားတော့မယ် ချစ်သူရာ
ပျော်ရွှင်ခဲ့ပါတယ် သိပ်ပျော်ခဲ့ပါတယ် ။ ။

ပန်ဒါ
28/05/2013

သူစိမ်းတစ်ယောက်ပေးတဲ့ကဗျာတစ်ပုဒ်(Poem)


မိုးကောင်းကင် ထီးတစ်ချောင်းအောက်
အတူနေကြရပေမယ့်
အဝေးကြီးဝေးကွာနေရတဲ့ ဘဝတွေ
ကံကြမ္မာလား
သံသယ အကျိုးဆက်လား
...

စကားတွေ အများကြီးပြောခဲ့သမျှ
ရထားတွေတစ်စီးမှ ဆိုက်ရောက်မလာခဲ့တာ။

နှလုံးသားကို
အထိတ်တလန့်ပြန်ကြည့်မိတော့အတိတ်ရနံ့တွေ စွတ်စွတ်စိုလို့။
အတူလျှောက်ခဲ့ဖူးတဲ့လမ်းကလေးရေ
ဆွေးတယ်။ ။



ပန်ဒါ
19-Sep-2012
1:27 PM

ဆောင်းဦးဒဏ္ဍာရီ(Poem)


မိုးစက်လေးတွေကြွေကျတဲ့အသံ
နှလုံးသားမှာအလွမ်းကိုပန်ထားမိတယ်
ဘာဖြစ်ဖြစ်
မိုးထဲမှာ အချစ်ရှိခဲ့ဖူးတယ်………… 
ငေးလို့မဆုံးတော့ဘူး
အလွမ်ဦးရယ် သတိရခြင်းရယ် နာဖျားမှုရယ်
ဘယ်သူမှမသိဘူး
ထိုင်နေရင်းသေဆုံးသွားတဲ့ဆောင်းဦးအိပ်မက်လေးအကြောင်း………


ပန်ဒါ

ကာရံပျောက်တဲ့ည(Poem)


ဆုံဆည်းဖို့ဆိုတာ
သူ့အကြောင်းနဲ့သူပါ။

သိနေလျှက်လဲ
အတ္တတစ်ခုရဲ့  ဇွတ်တိုးခြင်းက
ကြေကွဲခြင်း လမ်းမပေါ်ကို
မသိခြင်းများစွာနဲ့ ရောက်ခဲ့

အဲဒီငှက်တစ်ကောင်က ငါပါ။

ပျံသန်းခြင်းက ဦးတည်ရာမဲ့
အိပ်တန်းဝင်ချိန်တောင်
ငါမသိခဲ့ဘူး . . . ရူးပြီ။

အပေါ်ယံ အမူအရာနဲ့
အပြုံးတွေက အတု
ဟန်ဆောင်ခြင်းကို ငါခံစားမိပါတယ်။

ငါ့စိတ်က နင့်ဆီမှာပဲ ပျော်ဝင်
အချစ်စစ်စစ်ဆိုတာ
ပုံစံခွက်နဲ့ ထုတ်လုပ်ရတဲ့ အရာဝတ္ထုလား
ဘဝစစ်စစ် တစ်ခု ငါဖြစ်ချင်တာပေါ့။

ဖြစ်သင့်တာကို ဦးစားပေး
နာကျင်စွာ ကြေကွဲခြင်းနဲ့
ဒီဘဝလေးပဲကျေနပ်လိုက်ပါရစေ။

ပန်ဒါ

အလွမ်း(Poem)


ဘယ်သူမှမသိတဲ့အလွမ်း
ဘယ်သူ့ကိုမှပြောမရတဲ့အလွမ်း
လွမ်းခံရသူကိုယ်တိုင်တောင်မသိတဲ့အလွမ်း...
ရေခြားမြေခြားအလွမ်း
မမြင်ဖူးမတွေ့ဖူးအလွမ်း
ရုပ်မမြင်အသံမကြားအလွမ်း
အလိုလိုက်အကြိုက်ဆောင်အလွမ်း
 နွေးထွေးဖေးမအလွမ်း
မှုန်ဝါးဝါးဓါတ်ပုံလေးသို့အလွမ်း
အိမ်လွမ်းနာလေးသို့အလွမ်း
အချစ်မသိသူလေးသို့အလွမ်း
အထီးကျန်လေးသို့အလွမ်း
မေ့ထားတတ်သူလေးသို့အလွမ်း
အလွမ်းဟာအလွမ်းကိုလွမ်းသလားမေးတယ်..
အလွမ်းကအလွမ်းကိုမလွမ်းဘူးတဲ့
အလွမ်းဟာအလွမ်းကိုလက်မခံတော့
အလွမ်းဟာအလွမ်းကိုသတ်လိုက်တယ်
လွမ်းရတယ်အလွမ်းရယ်...
လွမ်းတယ်။။


ပန်ဒါ

9-Oct-2012
12:36 PM

ဆောင်းအိပ်မက်(Poem)


သတိရတတ်လွန်းတဲ့ နှင်းတွေ
ကမ္ဘာအစွန်းက ခုန်ချစပြူပြီ…
နှုတ်ဆက်သံလေးတောင် မကြားရ
နှုတ်ဆက်ပြုံးလေးတောင် မမြင်ရ
ညတွေဟာ….
ထင်ထားတာထက် ပိုပြီး နက်မှောင်လာတယ်။
သံယောဇဉ်ဆိုတာ
သုံးလွန်းတင်ထားတဲ့ ကြိုးတစ်ချောင်းလား
စကားပွင့်လေးတွေကို လွမ်းတာလည်း
တစ်နယ်တစ်ကျေးမှာ
သွေးအေးမေ့ပျောက် ခံရမယ့် ကဗျာ။
ထားရာနေ စေရာသွားနဲ့
ဒီကဗျာ
လက်ဆောင်အဖြစ်ပါး လိုက်ပါတယ်။


ပန်ဒါ

22 Oct 2012

နှင်းဆွတ်ဆွတ်လမ်း(Poem)


မျက်ရည်စတွေက
သက်သေပြနေတာလား မေ။
စာမလာ သတင်းမကြား
နှင်းခါးပြီလေ။
ဘဝါ ဘဝေ
နှစ်ဖြာသွေလို့ အိပ်မက်နွမ်း။
မရွှင်အသည်းနဲ့
ရင်ထဲအပူ လူမသိသော်မှ
သြော်
ငြိတွယ်နေ သံသရာဝဋ်မှာ
နှင်းဆွတ်ဆွတ်လမ်း။ ။

ပန်ဒါ
24-Oct-2012

လမ်းခွဲရာသီ(Poem)

အချစ်ဟာ အိမ်ပြန်တော့မယ်ဆိုရင်
အလွမ်းဟာ အရုဏ်ကို မြင်တော့တာပဲ။
ဝေးခဲ့ပြီ
ညှိတွယ်ခဲ့ဖူးလေသော သံယောဇဉ်
နှူးညံ့ခဲ့ဖူးလေသော ကဗျာ
ဝင်္ကပါမှာ
အမှတ်မထင် ဆုံခဲ့ကြတယ် ဆိုပါစို့။
ညို့တက်လာတဲ့ မိုးကို
မရွာပါနဲ့ မတားချင်တော့ဘူး
သံယောဇဉ်ဦးခမျာ
အဝေးကမ္ဘာ ဝတ်မှုံကူးခဲ့လေပြီမို့။ ။


ပန်ဒါ
31-10-2012

ပြတ်ရွေ့ကြောင်းတစ်ခုပေါ်မှဒုတိယကမ္ဘာသို့ လှမ်းကြည့်မိခြင်း(P)


ပြောင်းလဲသွားပြီလား စပြောရမယ်ဆိုရင်တော့ ခင်ဗျားဟာ ခင်ဗျားထင်ထားခဲ့ထဲ့ ခင်ဗျားဆိုတဲ့သူတစ်ယောက်မဟုတ်ဘူး
စိတ်ရှုတ်သွားလား ဘဝဆိုတာ ရှုတ်ထွေးခြင်းက စခဲ့ကြတာပါပဲ
အကြောင်းတရားရဲ့ ရှုတ်ခဲ့တဲ့ အထွေးတွေကို မရှင်းသတ်နိုင်ခဲ့လို့ ခင်ဗျားဖြစ်လာတယ်ဆိုတာပဲ မှတ်လိုက်ပါ
ရှင်းရှင်းလေးပါ ရိုးရိုးလေးပဲ တွေးကြည့်
လောကမှာ အမှန်တရားတစ်ခု သက်သေပြနိုင်ဖို့အတွက် အမှားတစ်ရံတော့ ခင်ဗျား လိုအပ်နေအုံးမှာပဲ
ခုတလော မြန်မာပြည်ကြီးအနောက်ဖက်ကို ယိမ်းထိုးနေတာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အား ပြောင်းလဲသွားလို့လား
ပန်းသီးတစ်လုံးနဲ့ သက်သေထူခဲ့တဲ့ နယူတန်နဲ့ နိယာမတရား အိတ်စ်စပိုင်ယာ ဖြစ် / မဖြစ် ပြန်လည်ဆန်းစစ်ကြည့်ဖို့တော့ လိုပြီထင်တယ်
ငါတို့ အတွေး/ငါတို့အရေး တဟေးဟေး အော်နေကြတဲ့ ခေတ်ကြီးထဲမှာ ငါ့ကိုယ်မှာရော
ဘယ်သူ့အတွေး/ အရေး မြှားတွေ တစ်စင်းပြီးတစ်စင်း လာစိုက်ဝင်နေခဲ့တာလဲ
စကားလုံးတွေ ပုံဖော်ပြောပြလို့ မရတဲ့ မြှားတွေကို ဘာနဲ့ သက်သေထူပြီး
တွေးပြ/ရေးပြ လို့ ရနိုင်မလဲ
စင်ကာပူနိုင်ငံဆိုတာ ဂါဝန်ဝတ်ပြီး ကပြနေတဲ့ ကောင်မလေးနဲ့တူတယ်တဲ့
လေးနှစ်သမီးလေးပြောလိုက်တဲ့စကား ငါ့နားထဲ ဆတ်ခနဲ တိုးဝင်လာခဲ့တယ်
ဒါ သူ့ကိုယ်ပိုင်အတွေးလား/ရိုက်သွင်းခံထားရတဲ့အတွေးလား တစ်ခုခုပဲ... တစ်ခုခုပါပဲ
တစ်ပူပေါ်တစ်ပူဆင့်နေလို့ ဆင့်ကာပူလို့ ပဲ တင်စားချင်တယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့စကား
ဒီအတွေးနှစ်ရပ် ငါ့ခေါင်းထဲမှာ ရပ်တန့်နေတယ်။
မနက်ဖြန်ဆိုတာ မရှိချင်ဘူးဆိုရင် ဒီနေ့ဆိုတာ မနေ့ကရဲ့ မနက်ဖြန်
ဒီလိုသတ်မှတ်လိုက်ရမလား
ရပ်မိနေတဲ့ ပြတ်ရွေ့ကြောင်းတစ်ခုပေါ်က ဘယ်/ညာ ပြန်လည် ငေးကြည့်မိတဲ့ တခဏ
ခုချိန်ဆို အိုဘားမားတစ်ယောက် မြန်မာပြည်ရဲ့ အောက်စီဂျင်ကို ခေတ္တ ခဏ ငှားသုံးရှူရှိုက်နေရောပေါ့။။




ပန်ဒါ
19 Nov 2012

သူ့အတွက်ခြုံလွှာ(Poem)

လက်ကလေးတွေအေးလို့
ပါးကလေးတွေအေးလို့
အချမ်းဒဏ်။
ဆံနွယ်လေးကိုဖွဖွထွေးပြီး
ကဗျာလေးတစ်ပုဒ်ရွတ်ပြမယ်။
မရယ်မောလိုက်ပါနဲ့
နွေးထွေးမှုဆိုတာ
နှလုံးသားကထွက်တဲ့
အက္ခရာ
ဘယ်ကမ္ဘာမှာဖြစ်ဖြစ်
စစ်မှန်တယ်။
အဖြူရောင်
ပန်းနုရောင်
ခရမ်းရောင်
အရောင်ဆိုတာ
ပညတ်ချက်ပါ
ခံစားမှုက
လရောင်ဝါဝါ
ဒီကဗျာလေး
သူ့အတွက်နွေးပါစေ။



ပန်ဒါ
22Nov 2012

မြို့ပြ၀ါကျ(Poem)


ရှေ့ဆက်သွားဖို့ခြေလှမ်းတွေက လေးနေတယ် ဝတ်ဆင်ထားတဲ့ သိုးမည်းအရေခွံကြောင့်ပိုလေးနေတယ် လမ်းတွေက ကြမ်း လူတွေက မောမောပန်းပန်း ရေဆာလာတယ် ရေသန့်တစ်ဗူးပေးပါ
ဘုံဘိုင်ရေမလာဘူး တောင်ကျစမ်းရေမရှိဘူး သဘာဝ ရေဆိုတာ မသိကြတော့ဘူး
ကြားနေရတဲ့ အသံတွေ ပြောနေကြတဲ့ စကားတွေ ဘာတွေလဲ ဘာကိုဆိုလိုကြတာလဲ
ဘန်းစကား အသုံးအနှုန်းလေးများ နဲနဲလျော့ကြပါအုံး
တစ်ပုလင်း၊ တစ်ပုံး၊ တစ်ဂါလံ ဒါဓါတ်ဆီဝယ်တာ မဟုတ်ဘူး
ဒီဇယ်ဝယ်ဖို့မဟုတ်ဘူးတဲ့ မြို့ပြစကား မြို့ပြဝေါဟာရ
ခေတ်ကြီးက ဒုံးပျံနဲ့ အမြန်နှုန်းပြိုင်နေတယ် သိုးမည်းတွေအမှီလိုက်နေကြတယ်
ဓါးသွားထက်လျှောက်နေကြတာလား မျက်ခုံးမွေးပေါ်စကြာင်္လျှောက်နေကြတာလား
ရိုးသားမှုက မြို့ပြမာယာဆိုတဲ့ နံမည်ကြီး တံဆိပ် နဲ့ ဝတ်စုံပြည့်ဝတ်ဆင်ထားတယ်
သူပျော်နေတယ် မော်မော်ကြွားကြွား ဝံ့ဝံ့စွားစွားလေးနဲ့ပေါ့နောက်ထပ်ရောက်မယ့် ဒီဇိုင်းအသစ်ကို စောင့်နေတယ်
လူတွေပြောတဲ့စကား သူနားလည်နေပြီ 5000 တန် 10000 တန် 30000 တန်prepaid ကဒ် သူသိတယ် တစ်မိနစ် 50 ဒါလဲ သူသိတယ် ကော်ဖီသောက်ရင်း wifi သုံးတတ်နေပြီ။
လေလံကားတွေလာပြီတဲ့ သူပျော်နေတာပေါ့ Hiring Purchase System ထဲမှာ သူဝင်တိုးနေပြီ
သူသိသွားတယ် မြို့ပြစကား၊ မြို့ပြဝေါဟာရ၊ မြို့ပြဝါကျ
ငါမသိသေးဘူး ဘာတွေလဲ ပြောပြကြပါအုံး ရှင်းပြကြပါအုံး
………………………………………………
အတောင်ပံတပ်ပြီးအမှီလိုက်ချင်ပေမယ့် ငါဟာ ငှက်တစ်ကောင်မဟုတ်ပဲသိုးမည်းတစ်ကောင်ဖြစ်နေတယ်
မြို့ပြသိုးမည်းတစ်ကောင် တိုးတက်မှုအစာအဟာရအတွက် တကောက်ကောက်ခြေရာခံလိုက်နေရင်း
ပြောခဲ့တဲ့စကား ကြားခဲ့တဲ့နားနဲ့ လှည်ပြန်ကြည့်လိုက်မိတော့ အရာရာဟာ ဝိုးတဝါးပါပဲ
ရှမ်းရိုးမတောင်တန်းစွန်းက စမ်းချောင်းလေးပေါ်မေးတင်နေတဲ့အမေ့ရဲ့အိမ်လေးရေ...
မြို့ပြဝါကျ/ ဝေါဟာရတွေနဲ့ ပြည့်နေတဲ့ ငါ့ရဲ့ စကားကို နားလည်နိုင်ပါ့မလား
တစ်ခေါက် ရောက်ပြီး ပြောလိုက်ချင်မိတယ် မြို့ပြစကား။။


ပန်ဒါ
31-10-2012

Friday, May 31, 2013

ပတ္တမြားမြေ သို့ အလွမ်းပြေ(Poem)

လှမ်းမြင်ရတဲ့ လက်ဖက်ရနံ့သင်းတဲ့
မိုးမြူတွေလဲ့လဲ့ ပြေးနေတဲ့မြင်ကွင်းကို ပိုင်ဆိုင်တဲ့မြို့
ကျောက်တုံးကြီးတွေနားမှာ ရေချိုးစရာရှိတဲ့ နေရာလေး
မိုးရေတွေအောက်မှာ လမ်းလျှောက်ရတဲ့ အရသာ
အမြဲစိုဆွတ်နေတဲ့ အေးချမ်းတဲ့ တောင်ပေါ်မြို့လေး
ဒီမြို့လေး
ပတ္တမြားမြေ မိုးကုတ်ဆိုတဲ့ ဒီမြို့လေးမှာ ပြည့်စုံကြွယ်ဝမှုနဲ့ တောက်ပနေတဲ့ ဘဝတွေရှိခဲ့တယ် တကယ်ရှိခဲ့တယ် 
ညဈေးမှာပျော်ရွှင်စားသောက်နေတဲ့မိသားစုတွေရှိခဲ့တယ်တကယ်ရှိခဲ့တယ်
ပတ္တမြားမြေလမ်းမပေါ်တွေပေါ်မှာ
ပျော်ရွှင်မှုနဲ့တက်ကြွနေခဲ့ဖူးတဲ့လူငယ်တွေရှိခဲ့တယ်သေချာရှိခဲ့တယ်
အခုတော့…
လက်ဖက်ရနံ့တွေအရင်လိုသင်းပျံ့ဆဲဆိုပေမယ့်လက်ဖက်ရဲ့အရသာကိုမေ့ပျောက်စပြုပြီ
ကောင်းကင်ဟာအရင်လိုပြာနေဆဲဆိုပေမယ့်အသပြာတွေကတော့ဝေးကွာလွန်းခဲ့ပြီ
မိုးရေထဲစိုလက်နေခဲ့ဖူးတဲ့အနာဂတ်တွေဟာ
လူငယ်မျိုးဆက်တွေရဲ့လက်ထက်မှာအိပ်မက်လိုလိုဒဏ္ဍာရီလိုလို
လူငယ်တွေ……..
ဒဏ္ဍာရီ ထဲကငမောက်ကိုရှာဖို့မီးအိမ်တွေထွန်းညှိခဲ့ကြတယ် 
ရေခြားမြေခြားမိဝေးဖဝေးမှာ လူငယ်တွေပုံပြင်ကိုအသက်ပြန်သွင်းဖို့ခရီးထွက်ကြတယ်
လူငယ်တွေအိပ်မက်ကိုအစကပြန်မက်ဖို့အိပ်ယာဝင်ကြတယ့်
အခုတော့မြို့ကလေးဟာ ရေညှိတက်နေတဲ့ကျောက်တုံးလို
မြို့ဟာမြို့နဲ့မတူအောင်ပြိုလဲလို့
မြို့ကိုမြို့သူမြို့သားတွေစွန့်ခွါလို့
မြို့ဟာမြို့ကိုပြန်ရှာမတွေ့တော့အောင်
မြို့ဟာမြို့သူမြို့သားတွေကိုပြန်ရှာမတွေ့တော့အောင်
တစ်ပါးအရပ်ကမိုးတွေ မည်းမှောင်လွန်းနေတယ်။။



ပန်ဒါ
2012-12-18


 

အတွေးပုံရိပ်(Poem)


လေပြည်လား
လေပွေလား
ဖြတ်တိုက်သွားတာသိတယ်
အိပ်မက်ထဲကပန်းနုရောင်ဟာ
ကဗျာအယောင်ဆောင်ပြီးထွက်လာတယ်
နားထောင်ဖြစ်တဲ့သီချင်းကအစ
ဆွဲမိတဲ့ပန်းချီကားအဆုံး
ပေးထားတဲ့အမည်
အချစ်
ရေနစ်သူတစ်ယောက်လို
လွမ်းရမှာကိုမသိခဲ့ဘူး


ပန်ဒါ

18 December 2012

ကျေနပ်အရှုံး(Poem)


တစ်ကမ္ဘာစီမခြားသေးဘူး
ရင်ခုန်သံတွေမရပ်သေးဘူး
ဝတ်မှုန်ကူးခြင်းဟာ
ဘဝအတွက်ကာရန်မညီနိုင်ခဲ့သမျှ
အိပ်မက်တွေဝေးလွင့်သွားခဲ့ရတယ်။
အလွမ်းနှင်းတွေဘယ်တော့မှမစဲတော့အောင်ဝေ့ကာဝဲလို့
နှင်းတွေချန်ထားခဲ့တဲ့ခြေရာ
မျက်တောင်ဖျားမှာလဲ့ဖြာလို့
တိမ်ကိုနမ်းတဲ့တောင်ဆိုတာ
မှောင်လာမှာကိုမကြောက်တော့ပါဘူး
ငါတို့
ဝေးကွာကြဖို့ဂီတမှာ ကခုန်မိကြပေါ့။
နင့်သည်းဖိုလှိုက်စွာ
ကြေကွဲဝမ်းနည်းစွာ
လက်ပြလိုက်ပါရဲ့
နှုတ်ဆက်လိုက်ပါရဲ့
ချစ်ခဲ့သမျှ
တစ်ဘဝလုံးလှပါစေတော့။
ချစ်သူရေ
ပျော်ရွှင်ပါစေတော့။ ။



ပန်ဒါ

19/12/2012

အိမ်လွမ်းနာ(Poem)


ရေသောက်ရတာလည်း
ဘယ်လောက်သောက်သောက် အာသာမပြေဘူး။
အရူးတစ်ယောက်လို
ပေါက်ကွဲနေတဲ့မီးတောင်တစ်လုံးလို
ကြွေကျတော့မယ့် သစ်ရွက်တစ်ရွက်လို။
မိသားစုနဲ့အဝေးမှာ
ကြယ်တွေမရှိတဲ့ကမ္ဘာငယ်လေးတစ်ခုပါပဲ။

ပန်ဒါ
27-12-2012

သံယောဇဉ်ပုံရိပ်(Poem)


အိပ်မက်တစ်ခုလို
မျှော်လင့်ခြင်းဟာကင်မရာအယောင်ဆောင်လို့ သတိရခြင်းကို
တဖျတ်ဖျတ်ရိုက်ကူးတယ်
ဝေဒနာဆိုတာ
ကာလာကစားလို့ရတဲ့ဓါတ်ပုံမဟုတ်ဘူး။
ဘယ်လိုကူးဆေးပေမယ့်
သံယောဇဉ်နောက်ခံမပါတဲ့ ဓါတ်ပုံ
အလှကြည့်ုသက်သက်ပေါ့။ .။


ပန်ဒါ

မျက်ရည်များနဲ့ နှုတ်ဆက်ခဲ့တဲ့ ညနေ(Poem)

တစ်ယောက်ထဲသွားရမဲ့လမ်း
ကြမ်းတယ်လို့ ဘယ်သူပြောလဲ
နှလုံးသားထဲမှာ သူ့အရိပ်လေး ပါလာတယ်
ပြာလဲ့လဲ့ လရောင်အောက်မှာ
ပြောခဲ့ဖူးတဲ့ စကားလေးတွေ
ထားခဲ့ကြတဲ့ ကတိတွေ
လေပြေသွဲ့သွဲ့နဲ့အတူ
ေ၀၀ါးခဲ့ပြီ. .
အတိတ်ရနံ့တွေ သင်းသင်းဖြာနေတဲ့
ဒီလမ်းလေးထဲမှာ
ဘယ်ဆီမှာလဲလို့ မတွေးတော့ပါဘူး
ဝေးလက်စနဲ့ ဝေးကြရအောင်ကွယ်။ ။

ပန်ဒါ
4/5/2013