Friday, May 31, 2013

တစ်ခုတ်တစ်ရသိမ်းထုတ်ထားမိတဲ့ တစ်ပိုင်းတစ်စများ(P)


အမှတ်မထင် တိုက်ခတ်လာတဲ့ လေပြေတစ်ဝှေ့မှာ
မှတ်မှတ်ရရ ဖမ်းဆုတ်မိလိုက်တာ အိပ်မက်တစ်ပိုင်းတစ်စ
ဆိုက်ရောက်ဘူတာမှာ တက်လိုက်မိတော့ ဖြစ်နေတာက မြို့ပတ်ရထား
မှားသလား မှန်သလား ဆိုတော့ သဘာဝ တရားကြီးကိုက မှန်တစ်ချပ်လိုဖြစ်နေတယ်
ရင်ထဲမှာ ဘာညာဘာညာ အော်နေရအုံးမှာလား
တိုးဝင်လာတဲ့ သီချင်းတစ်ပုဒ်က whenever you go.. တဲ့
အိုကေပြီပေါ့ အစိမ်းရောင် အဝါရောင် အနီရောင် အရောင်တွေ အရောင်တွေနဲ့ ခြယ်သထားတဲ့ ကမ္ဘာ ရောင်စုံကမ္ဘာ ငါတို့ ရုန်းမထွက်နိုင်တဲ့ ရောင်စုံကမ္ဘာ အရာအားလုံးက အရှိန်တွေနဲ့ ဆိုတော့
ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်တော့မယ်ကွာ
တစ်ကမ္ဘာစီမဟုတ်တဲ့ ကျောချင်းကပ်ဘဝမှာ မင်းရော ငါရော လှည့်မကြည့်မိဘဲ လွမ်းနေရတယ်
ပြဇာတ်တစ်ပုဒ်ဆိုတာ ဇာတ်သိမ်းခန်းပါရမှာလား ကန့်လန့်ကာချလိုက်ရုံနဲ့ ပြီးဆုံးသွားတဲ့ ဇာတ်သိမ်းတစ်ခုလိုမျိုး
ပိတောက်ကလွဲရင် ကိုယ်စားပြုခွင့် မရတဲ့ သင်္ကြန်ရက်လိုမျိုး
ဆောင်းတံခါးမှာချိတ်ဆွဲထားတဲ့ ကန့်လန့်ကာလေး ရုတ်သိမ်းလိုက်သလိုမျိုး
ဝေဝေဝါးဝါး ဆိုတာ ပြတ်ပြတ်သားသားမရှိလို့ပေါ့
ဆုံဆည်းမှုဆိုတဲ့ ငါတို့ အိမ်နောက်မှာ ဝေးကွာခြင်းဆိုတဲ့ အိမ်နီးချင်းရှိနေတာ သတိမထားမိလိုက်ဘူး
တစ်ဆစ်ချိုးမိတဲ့ ဘဝမိုင်တိုင်မှာ ဘက်ဂီယာထိုးခွင့်ရှိအုံးမလား
ဆက်တိုးဝင်ရင် ဆက်နက်နေမယ့် ခေတ်ကြီးထဲ တိုးတိုးမဝင်ချင်တော့ဘူး
ရှေ့ဘူတာမှာ ဆင်းမယ် ကိုယ့်လူ ကမ္ဘာမြေကြီးရေ ပိုလေးလံစေမိတဲ့အတွက် ခွင့်လွတ်ကွာ။ ။


ပန်ဒါ
7 March 2013

No comments:

Post a Comment