Wednesday, May 29, 2013

ပုစ္ဆာတစ်ပုဒ်၏အဖြေ


            မျက်နှာကြက်ပေါ်မှ ပန်ကာလေးများက တဒီးဒီးလည်ပတ်နေသည်။ ယခင်ကဆို ပန်ကာလေကို လုံးဝမကြိုက်သော်လည်း ယခုမူ အခန်းတွင်း၌ ပူအိုက်လှသောကြောင့် ပန်ကာရှိနေသည်ကိုပင် ကျေးဇူးတင်မိသေးသည်။ ယခုရောက်နေသောနေရာသို့ ယခင်က တစ်ခါမျှ မရောက်ဖူးခဲ့ချေ။ ယနေ့မှ Import Department မှတစ်ယောက်ခွင့်ယူထား၍ လိုက်ပါလာရခြင်းဖြစ်သည်။ ကိုယ့်ဌာနနှင့် မသက်ဆိုင်သော်လည်း လိုအပ်၍ အကူအညီတောင်းခံလာခြင်းကို လျစ်လျှူမပြုတတ်သောကြောင့် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ လာ၍သာလာခဲ့ရသည် နေကသိပ်ကောင်းတာမဟုတ်ပေ။ သို့သော်လည်း ၀န်ထမ်းဖြစ်နေတော့ ငြင်းဆန်ခွင့်မရှိသည့် ဘ၀မျိုး။ နိုင်ငံခြားကုမ္ပဏီဖြစ်၍ ပိုဆိုးသည်။ လူမှုရေးဆိုတာမရှိ။ သာရေးနာရေးဆိုတာ နားမလည် ဆိုတာမျိုး။ ကိုယ့်စိတ်နှင့်ကိုယ်သာဆို အဆောင်မှာပဲ ခွင့်ယူပြီး အနားယူချင်နေမိသည်။ သို့ပေမယ့်လည်း မနေနိုင်ပြန်။ မြင်ကွင်းထဲမှာလည်း လူတွေဖြင့် ရှုတ်ရှက်ခတ်နေသည်။ စားပွဲတစ်ခုမှ စားပွဲတစ်ခုသို့ကူးသူကူး ဖိုင်ယူသူ ဖိုင်ထားသူ နှင့် တစ်ခန်းဝင်တစ်ခန်းထွက်သူနှင့် ဘာတွေမှန်းပင်မသိ။ အရာအားလုံးအစိမ်းသက်သက်ဖြစ်နေသည်။ ခေါင်းထဲမှာလည်း ပန်ကာလေကြောင့်လား အပူချိန်ကြောင့်လား မသိ ရိပ်တိတ်တိတ်နှင့် ထိုးကိုက်လာသည်။ ဒီနေ့မှ အပူချိန်က ပိုများနေသည်လား မသိ။အရိပ်ထဲထိုင်နေရတာပင်ချွေးဒီးဒီးကျအောင်ပူအိုက်လွန်းလှသည်။

“အစ်မသွားရအောင်”
ပြောပြောဆိုဆိုနှင့်အတူပါလာသောတစ်ယောက်ရုံးအောက်သို့သွက်သွက်လေးဆင်းသွားသည်။ကိုယ့်အတွေးနှင့်ကိုယ်မျောနေရာမှကမန်းကတမ်းလိုက်သွားလိုက်သည်။မည်သည့်ကိစ္စအတွက်အောက်ထပ်ဆင်းတာတောင် မမေးလိုက်နိုင်မိ။ရုံးအောက်အောက်သည်နှင့်အပြင်သို့ထွက်သွားပြန်သည်။
“ဘယ်သွားမလို့လဲစန္ဒာ”
နောက်မှအပြေးတပိုင်းလိုက်ရင်းမေးလိုက်သည်။
“မိတ္တူဆိုင်လေအစ်မ”
လက်ထဲတွင် ပါလာသောဖိုင်တွဲထဲမှ စာရွက်တစ်စောင်ထုတ်ရင်း ဖြေလိုက်သည်။ မိတ္တူဆိုင်သို့ရောက်သည်နှင့် ကောင်တာမှကောင်မလေးလက်ထဲသို့ ထည့်လိုက်သည်။ လုပ်နေကျမို့ထင်သည် ဘာမှ မမေးတော့ဘဲ ကွန်ပျူတာဆီသို့ သွားကာ စာရိုက်နေသည်ကိုတွေ့ရသည်။ စန္ဒာကလည်း ဘေးမှာထိုင်ကြည့်ရင်း လိုအပ်သည်တွေကို ပြောပေးနေသည်။ ကိုယ်ကတော့ ထိုင်ကြည့်နေရုံသက်သက်။ ဘာလုပ်နေသည်ကိုပင် မသိသေး။ ဆယ့်ငါးမိနစ်ခန့်ကြာသောအခါ စာရွက်တစ်ရွက်ထွက်လာသည်။ ကျသင့်ငွေရှင်းပေးပြီး နှစ်ယောက်သား ရုံးသို့တစ်ခါ ပြန်လာခဲ့ကြသည်။
“ဒီဟာက TT Form လေ အစ်မ”
စန္ဒာကလမ်းဖြတ်ကူးရင်းရှင်းပြလာခဲ့သည်။
“ သမီးတို့ သူဌေးက စင်ကာပူမှာရော မြန်မာပြည်မှာရော ကုမ္ပဏီဖွင့်ထားတယ်လေ။ သူဒီမှာရှိနေတဲ့အချိန်ဆို ဟိုဖက်မှာ ပိုက်ဆံထုတ်ဖို့အတွက် TT Form ပို့ပေးရတာလေ။ အရင်ကတော့ LC နဲ့ပို့တာလေ။ TT ဆိုတာက Telegraphic Transfer ကိုခေါ်တာလေ။ LC ကတော့ Letter of Credit ပေါ့ အစ်မရယ်။ တကယ်တမ်းဆို ဟိုဖက်က ပို့ပေးရမှာလေ ဒါပေမယ့် အစ်မရယ် ပို့ရတာနဲ့ ပြီးတာမှ မဟုတ်တာ လက်မှတ်ထိုးပြီး ပြန်ပို့ပေးရအုံးမှာလေ အဲဒါကြောင့်မို့ ဒီမှာစာလာရိုက်တာ ဒီနားကဆိုင်တွေက ဒီလိုမျိုးတွေ လုပ်တတ်တယ်လေ ဖြတ်ညှပ်ကပ်ဆက်ပေါ့ အစ်မရယ် နဲနဲပါးပါးတော့ ပိုပေးရတာပေါ့ တကယ်တမ်းဆိုရင်တော့ တရားတော့မ၀င်ဘူးပေါ့ နားလည်မှုနဲ့ပေါ့ အစ်မရယ် အစ်မတော့ နားလည်နိုင်မလားမသိဘူး စာရင်းဌာနမှာလုပ်နေတော့လေ။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုးလည်းရှိနေသေးတယ်ဆိုတာ သိရတာပေါ့ အတွေ့အကြုံတစ်ခုပေါ့အစ်မရယ်ဟုတ်တယ်မလား” ”
စန္ဒာက လုပ်ပုံလုပ်နည်းများကို ရှင်းပြနေသည်။ ယခင်ကကိုယ် ကျင်လည်ခဲ့တာ စာရင်းကိုင်အလုပ်နှင့် ခုမှ Import လုပ်ငန်းဆိုတာကို ကြုံလာရတော့ ကကြီးရေးက ဆိုသလိုဖြစ်နေသည်။ သူဌေးဆိုသူကလည်း ငွေပေးလျှင် အားလုံးရမည်ဆိုသည့် အထဲက။ မတတ်ရင် လုပ်ရင်းတတ်သွားမှာပေါ့ ဆိုတော့ တတ်အောင်လုပ်ရတော့မှာပေါ့။ ကိုယ်ကလည်း ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ တာဝန်ပေးလာလျှင် ကျေပွန်အောင်လုပ်တတ်သည်လည်းပါ၏။
ရောက်တတ်ရာရာတွေးရင်း ရုံးထဲပြန်ရောက်မှန်းပင် မသိ။ စန္ဒာကဘေးမှ တို့ပြီး သတိပေးလိုက်မှ ကြည့်လိုက်မိသည်။
“ အစ်မ သေချာကြည့်ထားနော် ”
စန္ဒာ တိုးတိုးလေး ကပ်ပြောလာသည်။ ဘာဆိုလိုမှန်းမသိသော်လည်း အသာခေါင်းညိမ့်ပြပြီး ကြည့်နေလိုက်သည်။ စန္ဒာသည် စားပွဲတစ်လုံးဆီသို့သွားကပ်ရပ်လိုက်ပြီး ဖိုင်တစ်ခုကို ထိုင်နေသူအားပေးလိုက်သည်။ ဖိုင်အောက်တွင် တစ်ခုခုပါသွားမှန်း သတိထားလိုက်မိသည်။
“ အစ်မရေ TT Group Company ကပါ ဒီဖိုင်လေး တင်ပေးပါအုံးနော် ”
အပြောနှင့်အလုပ်တစ်ထပ်တည်းကွက်တိပင်။
“ ရပြီ အစ်မ ”
စန္ဒာက ပြုံးရွှင်စွာဖြင့် လှည့်ပြောလာသည်ကို သဘောပေါက်စွာ ခေါင်းညိမ့်ပြလိုက်မိသည်။ လက်ဝါးချင်းရိုက်တယ်ဆိုတဲ့ စကားပုံကိုယခုမှသဘောပေါက်နားလည်လိုက်မိသည်။
“အဲလိုလုပ်ရတယ်မှတ်ထားနော် ကဲ သွားစို့ ”
စန္ဒာသည် နှုတ်ကပြောရင်း အခန်းထောင့်သို့ လျှောက်သွားသည်။ ထိုင်စရာခုံတန်းတွေ ထားပေးထားသည်ကို တွေ့ရသည်။ လူတွေဖြင့်ပြည့်နေပြီး နေရာလွတ်ရှိနေသည်ကို မတွေ့ရချေ။ စန္ဒာ၏ ဖိုင်တွဲလက်ခံထားသောသူသည် နေရာမှ ပျောက်သွားလေသည်။ ရာထူးကတော့ ကြီးကြီးမားမားထဲက ဟုတ်ဟန်မတူပေ။ သို့ပေမယ့် အရေးမပါသော်လည်း အရာရောက်ဟန်တူ၏။ တစ်အောင့်အကြာတွင် အခန်းတစ်ခန်းအတွင်းမှ ထွက်လာသည်ကိုတွေ့ရသည်။ စန္ဒာလည်း လက်တို့ခေါ်ပြီးစားပွဲဆီသို့ကပ်သွားသည်။
“တင်ထားတယ်နော် ညီမလေး ခဏနေ GM အခန်းထဲ ရောက်လိမ့်မယ် ပြီးရင် AGM ဆီ ပြန်ကျမယ် အဲတော့မှသွားထုတ်ပြီးလက်မှတ်ထိုးပေးမယ်နော် ”
“ ဟုတ်အစ်မကျေးဇူးပဲနော် ”

ပြောပြီးသောအခါ စန္ဒာသည် ခုံတန်းရှိရာသို့ ပြန်လာခဲ့ပြန်သည်။ အချိန်မှာ မွန်းလွဲနှစ်နာရီ ကျော်နေချေပြီ။

“ GM(General Manager) ပြီးရင် AGM(Assistant Manager) ဆီရောက်တာလေ။ ပြီးရင် အောက်ပြန်ရောက်လာတာ” စန္ဒာရှင်းပြနေသည်ကိုနားထောင်နေမိသည်။

“အောက်ပြန်ရောက်လာရင်ပြီးပြီပေါ့။ ဟုတ်လား”

ရုံးတစ်ခု၏ လုပ်ငန်းစဉ်တိုင်းစဉ်းစားမိပြီး မေးလိုက်မိသည်။

“ မပြီးသေးဘူး အစ်မရဲ့ ” စန္ဒာက ပြန်ဖြေပေးသည်။

“ အောက်ရောက်လာရင် စာရင်းသွင်း ပြီးရင် AGM ဆီပို့ AGM ကမှ တဆင့် GM ဆီရောက် GM ကနေ Manager ဆီကို ပြန်ရောက်တာ”

“ အမ် ”
 စန္ဒာရှင်းပြနေသည်ကို နားထောင်ရင်း အာမေဋိတ်သံတောင်ထွက်သွားရသည်။ ခွင့်ပြုလွှာတစ်ရွက် ရရှိရေးအတွက် အဆင့်များစွာဖြတ်ကျော်ရသည်ကို ယခုမှပင် သိရှိရသည်။ လွယ်မယောင်နှင့် ရှုတ်နေသော လုပ်ငန်းအား တွေးကြည့်မိပြီး ကိုယ်ခြေစမ်းခဲ့မိသော ခရီးစဉ်သည် ရှေ့ဆက်တွင် မည်သို့ရှိမည်ကို ဝေေ၀၀ါးဝါး တွေးမိနေသည်။

စန္ဒာသည် လှစ်ခနဲ အခန်းတစ်ခုရှေ့သို့ သွားခဲ့ပြန်သည်။ အခန်းရှေ့၌ ထိုင်နေသောသူအား တစ်စုံတရာကပ်ပေးလိုက်သည်။ ထိုင်နေသူသည် ခေါင်းညိမ့်ပြ၍ အခန်းတွင်းသို့ဝင်ရောက်သွားသည်။ မိနစ်ပိုင်းအတွင်းပင်ပြန်ထွက်လာပြီး စန္ဒာအား ၀င်သွားရန် ပြောလေသည်။ နှစ်ဦးသား အခန်းတွင်းသို့ဝင်သွားလိုက်ကြသည်။ အခန်းထဲတွင် အသက်လေးဆယ်ခန့် အမျိုးသမီးကြီး တစ်ဦးသာထိုင်နေသည်။ စားပွဲပေါ်တွင် ဖိုင်တွဲများထပ်ထားသည်။ စန္ဒာသည် မည်သည့်စကားမျှမဆိုဘဲ ဖိုင်တွဲအထပ်ကို တစ်ရွက်ချင်းလှန်လှောရှာဖွေနေပြီး ဖိုင်တစ်ခုကို ထိုအမျိုးသမီးအားပေးလိုက်သည်။ ထုံးစံတိုင်းပင် အောက်တွင်ပါသွားပြန်သည်။ စိတ်တွင်းတွင် တမျိုးတမည်ကြီးခံစားလိုက်ရသည်။ မိမိပိုင်ငွေနှင့် ပေးရခြင်း မဟုတ်သော်ငြားလည်း ထိုကဲ့သို့ကမ်းလှမ်းနေရခြင်းကို စိတ်တွင်းမှ လက်မခံနိုင်ဘဲဖြစ်နေသည်။

နောင်အခါများတွင် မိမိကိုယ်တိုင်လုပ်ရသော် မည်သို့ရှေ့ဆက်သွားမည်ကိုလည်း မ၀ံ့မရဲ စဉ်းစားနေမိသည်။

“ ကျေးဇူးတင်ပါတယ် မမ။ ”

“ အစ်မရေ သွားကြစို့ ” ဖိုင်တွဲကို ယူပြီးသွားသောအခါ နှုတ်ဆက်ပြီး အပြင်သို့ထွက်လာခဲ့သည်။

“ အမလေး အစ်မရယ် ဒီလက်မှတ်လေး ထိုးမယ့်ဟာကို လေးနာရီကျော်လောက် စောင့်လိုက်ရတယ်။ တွေ့တယ်နော် ဖိုင်တွဲအပုံလိုက်ကြီးလေ အဲဒါ အခုလို ၀င်မှ ထိုးပေးတာ ခေတ်ကြီးက လမ်းစဉ်ကျန်နေတုန်းပဲ အစ်မရေ ဒါတောင် ဒီတစ်စောင်ထဲမို့ သုံးနေရာပဲဝင်ရတာ ငွေသွင်းတဲ့နေ့ဆို နှစ်ရက် သုံးရက်ထိ မပြီးနိုင်ဘူး သိလား တော်သေးတယ် ဒီနေ့ပြီးခဲ့လို့ ရုံးဆင်းချိန်တောင်ရောက်နေပြီ ကားတွေတော့ကြပ်တော့မှာပဲ ”

စန္ဒာသည် ရုံးပြင်သို့ထွက်လာရင်း ညည်းညူလိုက်သည်။ မျက်စိထဲမှာတော့ နံရံမှာချိတ်ဆွဲထားသော ဆောင်ပုဒ်များကို မြင်ယောင်မိနေသည်။ အပြင်သို့ရောက်သောအခါ ရုံးမှ လာကြိုသောကားကို ရှာဖွေရင်း စဉ်းစားနေမိသည်။ “ ရိုးဂုဏ်မြင့်ဖို့ ထိန်းသိမ်းကြဖို့ လာဘ်ပေးလာဘ်ယူရှောင်ကြစို့ ” ဆိုသော နံရံကပ် ဆောင်ပုဒ်မှာ မြန်မာစကားပုံအစစ်ဖြစ်ခဲ့ပါလျှင် မည်သူများထွင်ခဲ့ပါသနည်း။ အကယ်၍ ယခုလိုအဖြစ်မျိုးကို တွေ့ရှိခဲ့သော် ထွင်ခဲ့သူအနေနှင့် မည်သို့များခံစားရမည်နည်း။ စကားပုံတစ်ခုများ ပြန်တိုးလာနိုင်မည်လား စသည်ဖြင့် ရောက်တက်ရာရာ အတွေးများဖြင့် ပြည့်နေသည်။

“ အစ်မ ဘာတွေတွေးနေတာလဲ ဒီနေ့တွေ့ခဲ့တဲ့ အတွေ့အကြုံတွေလား ”

ကားပြတင်းပေါက်မှ လမ်းပေါ်သို့ ငေးကြည့်နေသော မေးလိုက်သော စန္ဒာ့မေးခွန်းကြောင့် ရုတ်တရက် အတွေးပြတ်သွားလေသည်။

“ အော် ဒီလိုပါပဲ ညီမလေးရယ်”

မရေမရာဖြေဆိုလိုက်တော့ စန္ဒာက သဘောပေါက်စွာဖြင့် ရယ်မောနေလေသည်။ ကိုယ်လည်းရောယောင်ပြီး ရယ်လိုက်တော့ ရင်တွင်းမှ အပူနဲနဲလျော့သွားသလို ခံစားလိုက်ရသည်။

“ မိုက်တယ်နော် အစ်မ တစ်ရက်ကို အနည်းဆုံး ငါးထောင်ပဲ တွက်ကြည့်အုံးနော် ဒါ တောင်လျော့တွက်ထားပေးတာ တစ်လဆို ဘယ်လောက်ဖြစ်မလဲ အစ်မရော မလုပ်ချင်ဘူးလား အဲလိုမျိုး” စန္ဒာက ရယ်ရင်းမေးလာသည်။

“ အင် မလုပ်ချင်ပါဘူး။ ရလည်းမရချင်ဘူးအဲလိုမျိုးနဲ့။” ကမန်းကတမ်းပြန်ဖြေလိုက်မိသည်။

“ ဟုတ်တယ် မလုပ်ချင်ဘူး စန္ဒာရယ်။ ရတာတော့ ဟုတ်တာပေါ့။ ဒါပေမယ့် ဒီလိုရတာက တကယ်တော့ ရိုးသားမှုအပြည့်မှ မရှိတာ ဒီပိုက်ဆံတွေက အစ်မတို့ကလည်း အစ်မတို့အလုပ်ပြီးဖို့အတွက် ပေးလိုက်တာလေ စိတ်ထဲမှာကျေကျေနပ်နပ်ရှိလို့လား။ နောက်ပြီး သူတို့ကလည်း လုပ်ပေးနိုင်ရဲ့နဲ့ ဘာကြောင့်မလုပ်တာလဲ။ သူတို့အတွက် အဆင်ပြေအောင်လား ဒီလိုမှ မရရင် မပြေတော့ဘူးလား။ ဒီလိုနည်းနဲ့တော့ မရချင်ပါဘူးဟယ် ”
စန္ဒာ့ကို ပြန်ဖြေရင်း အတွေးတွေဆက်တွေးနေမိသည်။ သူလည်း ဘာတွေးနေသည်မသိ။ ငြိမ်သွားသည်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ကိုယ်ရနေသည့် ငွေများမှာ ရိုးသားနေသေးသည်ဟု တွေးမိပြီး ရင်တွင်းအပူများကို လျော့ချနေမိသည်။ ဟုတ်သည်လေ ကိုယ့်ဝင်ငွေမှာ တစ်လမှတစ်ခါရသည့် လစာသာဖြစ်သည်။ ကိုယ့်လုပ်အားဖြင့်လုပ်ထားသော ငွေများဖြစ်သည်။ တွေးရင်းဖြင့်တောင် ရင်မှာ ပီတိဖြစ်မိပြီး ယောင်ပြီးတောင် ပြုံးမိသေးသည်။ နောက်ပြီး ဒီအလုပ်မှာ စ၀င်ကတည်းက အလုပ်နှင့်ပတ်သက်ပြီး ကိုယ်နှင့်ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ စိတ်ပါဝင်စားစွာ လုပ်ကိုင်ပေးခဲ့သည်။ စေတနာရောင်ပြန်ဟပ်သည်ဟုပင် ဆိုရမည်လားမသိ။ လစာမှာ ယခုမှ စ၀င်သည်ဖြစ်သော်လည်း လူဟောင်းများနှင့် တန်းတူပေးထားသည်။ တချို့လူဟောင်းများထက်ပင် များနေသေးသည်။ တစ်ဦးမေတ္တာတစ်ဦးမှာ ဆိုသည့်အတိုင်း မိမိဖက်ကလည်း တတ်စွမ်းသမျှ လုပ်ကိုင်ပေးခဲ့သည်သာ။

“ ရုံးပြန်ရောက်ရင် လစာရပြီ ”
စန္ဒာ့စကားကြောင့် သတိပြန်ဝင်လာသည်။ ဟုတ်သား င်္ဒီနေ့ လကုန်ရက်ဖြစ်သည်။ လကုန်ဆိုတော့ လစာထုတ်ရမည်ဖြစ်သည်။ ရင်ထဲမှာပီတိလှိုင်းလေး ထွက်ပေါ်လာသည်။ ယခုရမည့်ငွေသည် မိမိလုပ်အားဖြင့်ရထားသောငွေဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသည်။ ရိုးသားသည်။ လစာထုတ်ပြီးလျှင် အမေ့ကို ပို့ပေးရမည်။ နောက်ပြီး ဘုရားသွားမည်။ လိုအပ်သမျှလေးတွေ ၀ယ်မည်။ခြမ်းမည်။ စိတ်ထဲတွင် ခဏကဖြစ်နေသော တွေဝေစိတ်များ နှောက်ကျိစိတ်များ ကင်းသွားသည်။ လစာလာထုတ်ရန် ဖုန်းဝင်လာသောအခါ အပြေးတပိုင်းဖြင့် လှေကားပေါ်မှ ဆင်းလာခဲ့သည်။ အလုပ်ရှင်သူဌေးက စာအိတ်တစ်အိတ်ကမ်းပေးလိုက်သည်။ ဒါ မိမိ၏ လစာ စာအိပ်။ လှမ်းယူလိုက်တွင် သူဌေးက ပြောလာသည်။

“သမီး ဘယ်လိုမှတော့မထင်နဲ့နော်။ ဒါသမီးအတွက်လစာပါ။ ဒါပေမယ့် တခြားသူတွေမေးရင် ဒီလောက်ရတယ်လို့မပြောနဲ့နော်။ ဒါက သမီးအတွက် သပ်သပ်ပိုပေးထားတာ ဘယ်သူမှ မသိဘူး။ အဲဒါ သမီးသိအောင် ပြောပြထားတာနော်။ အစ်မတို့အဆင်ပြေအောင်လုပ်ပေးတဲ့အတွက် အစ်မတို့ကလည်း ပြန်ပေးတာပေါ့။ သမီးလည်းနားလည်မှာပါနော်။ ကဲ ကဲ သွားလို့ရပြီ ဒါပြောပြတာ သမီးရေ”

ကြားလိုက်ရသောစကားများက နားထဲတွင် တိုးလိုက်ကျယ်လိုက် ဝေးသွားလိုက် နီးသွားလိုက်နှင့်။ အမြင်အာရုံထဲတွင်တော့ နံရံတွင်ကပ်ထားသော ဆောင်ပုဒ်များကို မြင်ယောင်မိရင်း။ အဲကွန်းတပ်ထားသော အခန်းထဲတွင် အဖျားသွေးကြောင့်လား မည်သည့်အကြောင်းကြောင့်လား မသိ။ ချွေးများထွက်လာသည်။ လက်ထဲတွင်ကိုင်ထားမိသော စာအိတ်ကိုကြည့်လိုက်မိတော့ မှုန်တိမှုန်ဝါးအမြင်မျှသာ။ ယခုချိန်တွင်သာ ကိုယ်စောင့်နတ်ကိုမော့ကြည့်မိမည်ဆိုလျှင် ပြုံးပြနေမလားဆိုသည့်အတွေးဖြင့် ခေါင်းကို ပိုပြီးငုံ့လိုက်မိသည်။ လက်ခနဲဖြစ်သွားသော မျက်ရည်တစ်စက်နှင့်အတူ နေ့လယ်ခင်းက ပြောခဲ့သော စကားများသည်လည်း …. ။

ပန်ဒါ

3 comments:

  1. လာလည်သွားပါတယ် စာတွေက စပေ့ထ်တွေခြားနေတော့ ဖတ်ရတာ အလှမ်းဝေးပါ၏ ပြင်ဆင်စေခြင်းကြောင်း ဆန္ဒမဲထည့်ခဲ့ပါသည်...

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်။ အသစ်လေးမို့ ခွင့်လွတ်ပေးပါ ^ ^

    ReplyDelete
  3. justify လုပ်ထားတာ ဆရာကျော်ရဲ့း))

    ReplyDelete