မျက်နှာကြက်ပေါ်မှ ပန်ကာလေးများက တဒီးဒီးလည်ပတ်နေသည်။ ယခင်ကဆို ပန်ကာလေကို
လုံးဝမကြိုက်သော်လည်း ယခုမူ အခန်းတွင်း၌ ပူအိုက်လှသောကြောင့် ပန်ကာရှိနေသည်ကိုပင်
ကျေးဇူးတင်မိသေးသည်။ ယခုရောက်နေသောနေရာသို့ ယခင်က တစ်ခါမျှ မရောက်ဖူးခဲ့ချေ။
ယနေ့မှ Import Department မှတစ်ယောက်ခွင့်ယူထား၍ လိုက်ပါလာရခြင်းဖြစ်သည်။
ကိုယ့်ဌာနနှင့် မသက်ဆိုင်သော်လည်း လိုအပ်၍ အကူအညီတောင်းခံလာခြင်းကို
လျစ်လျှူမပြုတတ်သောကြောင့် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ လာ၍သာလာခဲ့ရသည်
နေကသိပ်ကောင်းတာမဟုတ်ပေ။ သို့သော်လည်း ၀န်ထမ်းဖြစ်နေတော့ ငြင်းဆန်ခွင့်မရှိသည့်
ဘ၀မျိုး။ နိုင်ငံခြားကုမ္ပဏီဖြစ်၍ ပိုဆိုးသည်။ လူမှုရေးဆိုတာမရှိ။ သာရေးနာရေးဆိုတာ
နားမလည် ဆိုတာမျိုး။ ကိုယ့်စိတ်နှင့်ကိုယ်သာဆို အဆောင်မှာပဲ ခွင့်ယူပြီး
အနားယူချင်နေမိသည်။ သို့ပေမယ့်လည်း မနေနိုင်ပြန်။ မြင်ကွင်းထဲမှာလည်း လူတွေဖြင့်
ရှုတ်ရှက်ခတ်နေသည်။ စားပွဲတစ်ခုမှ စားပွဲတစ်ခုသို့ကူးသူကူး ဖိုင်ယူသူ ဖိုင်ထားသူ
နှင့် တစ်ခန်းဝင်တစ်ခန်းထွက်သူနှင့် ဘာတွေမှန်းပင်မသိ။
အရာအားလုံးအစိမ်းသက်သက်ဖြစ်နေသည်။ ခေါင်းထဲမှာလည်း ပန်ကာလေကြောင့်လား
အပူချိန်ကြောင့်လား မသိ ရိပ်တိတ်တိတ်နှင့် ထိုးကိုက်လာသည်။ ဒီနေ့မှ အပူချိန်က ပိုများနေသည်လား
မသိ။အရိပ်ထဲထိုင်နေရတာပင်ချွေးဒီးဒီးကျအောင်ပူအိုက်လွန်းလှသည်။